ကောင်းစေချင်တဲ့ ဗိုလ်ချုပ်အမှာစကား
တက္ကသိုလ် ပွင့်သူအောင်
ဇူလိုင် ၁၉ ရက်သည် မြန်မာပြည်သူ တစ်ရပ်လုံး မမေ့နိုင်သော၊ မမေ့အပ်သော နေ့တစ်နေ့ပင် ဖြစ်သည်။ ဤနေ့ရက် ရောက်လျှင် ပင် မြန်မာပြည်သူ တစ်ရပ်လုံး၏ ဝမ်းနည်း ကြေကွဲဖွယ်ရာ အာဇာနည်နေ့ အဖြစ် အာဇာနည် ခေါင်းဆောင်ကြီး များကို ပြန်လည် အမှတ်ရ နေဆဲ၊ သတိရရှိနေ ဆဲဖြစ်သည်။ မြန်မာ့ လွတ်လပ်ရေး အတွက် သက်စွန့်ကြိုးပမ်း ခဲ့သော ဗိုလ်ချုပ် အောင်ဆန်း နှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီး များသည် မသမာသူ များ၏ လက်ချက်ဖြင့် အသက်စွန့် ခဲ့ရသည်မှာ (၆၈)နှစ်ပင် ရှိခဲ့ပြီ ဖြစ်သည်။ နှစ်စဉ် ဇူလိုင် ၁၉ ရက် နံနက် ရောက်တိုင်း နိုင်ငံတစ်ဝန်း ပြည်သူလူထု အပေါင်းသည် အာဇာနည် ခေါင်းဆောင်ကြီး များကို ပြန်လည် သတိရ ဂုဏ်ပြု အလေးပြုလေ့ ရှိသည်။ အထူးသဖြင့် ဗိုလ်ချုပ် အောင်ဆန်း ပြောကြားခဲ့သော စကားများကို မှတ်မှတ်သားသား ရှိနေဆဲ ဖြစ်သည်။
ထိုကဲ့သို့ မှတ်မှတ်သားသား ရှိနေ စေရန်အတွက် ''ပြည်ထောင်စုရဲ့ ကျေးဇူးရှင် ဗိုလ်ချုပ်တို့ ဖခင်၊ ကောင်းစေချင်တဲ့ မှာစကား ငါတို့ မမေ့သား''ဟူသော ကဗျာ စာသားအတိုင်း ဗိုလ်ချုပ် အောင်ဆန်း မိန့်မှာချက် များကို လိုက်နာ ဆောင်ရွက် ကြရမည် ဖြစ်သည်။ ယခုအခါ မြန်မာနိုင်ငံ အနေဖြင့် ဒီမိုကရေစီ နိုင်ငံတော်သစ် ဆီသို့ ချီတက် အကောင် အထည်ဖော် နေပြီဖြစ်ရာ ဒီမိုကရေစီနှင့် စပ်လျဉ်းပြီး အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း က ၁၉၄၇ ခုနှစ် မေ ၁၉ ရက် ပဏာမ ညီလာခံ၌ ''ဒီမိုကရေစီ ဆိုတာ ဘယ်လို အင်္ဂါရပ်မျိုးနဲ့ ညီညွတ် ရမလဲ၊ အဲဒီလို ကျပ်ပြည့် တင်းပြည့် ဒီမိုကရေစီ မျိုးကို ကျုပ်တို့ ဘယ်လို တည်ဆောက် ရမလဲ၊ ချက်ချင်း ဖြစ်မလား။ ဘယ်လောက်ကြာ မလဲ။ ဘယ်နည်း အကောင်းဆုံးလဲ ဆိုတာတွေကို အခုကျုပ်တို့ တိုင်းပြည် တည်ဆောက် ရမယ့်အခါ အထူး စဉ်းစားရမယ့် အချက်တွေပဲ။ နိုင်ငံရေးဟာ စီးပွားရေး အခြေခံပေါ်မှာ မူတည်တယ်။နိုင်ငံရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ တွေကလည်း စီးပွားရေး သဘောတရား တွေနှင့် ကင်းလို့ မဖြစ်နိုင်ဘူး''ဟူ၍ မိန့်ကြားခဲ့သည်။
ထို့ပြင် ဗိုလ်ချုပ် အောင်ဆန်း က နိုင်ငံစည်းလုံး ညီညွတ်ရေးနှင့် ပတ်သက်၍ ၁၉၄၅ ခုနှစ် သြဂုတ်လ အတွင်း ကျင်းပခဲ့သော ခေါင်းဆောင်များ အစည်းအဝေး၌ ''ကျွန်တော်တို့ မြန်မာပြည်ရဲ့ အရေးဟာ မြန်မာ ပြည်သူ ပြည်သားတွေ၊ ခေါင်းဆောင်တဲ့ သူတွေ ညီညွတ်စွာနဲ့ လုပ်တတ်မယ်။ လုပ်မယ်ဆိုရင် အေးအေး ဆေးဆေးနဲ့ ပြီးမြောက် နိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်တယ်။ ကျွန်တော် ခေါင်းဆောင်တဲ့ တပ်မတော် ကလည်း ယုံကြည်တယ်။ ဒါကြောင့် တိုင်းပြည်မှာ ညီညွတ်ရေးဟာ အခုအဓိက လုပ်ငန်းပဲ''ဟု မိန့်ကြားခဲ့သည်။ ဗိုလ်ချုပ် အောင်ဆန်း သည် ခေါင်းဆောင်နှင့် စပ်လျဉ်းပြီး ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်တွင် ရန်ကုန်မြို့တော် ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သော ဧည့်ခံပွဲတွင် ''ခေါင်းဆောင် လုပ်တဲ့လူ တွေဟာ နောက်လိုက် လူတွေထက် ပိုပြီး အမြင်ကျယ် ရမယ်။ ခေါင်းဆောင် ဟာ ဟိုလူပြော ဟုတ်နိုးနိုး၊ ဒီလူပြော ဟုတ်နိုးနိုး၊ ယောင်ချာချာ လုပ်ရင် ခေါင်းဆောင် မဟုတ်ဘူး၊ ခေါင်းဆောင် လုပ်တဲ့လူဟာ ကိုယ်ယုံကြည်တဲ့ ကိစ္စကို တိုင်းသူပြည်သား တွေကို ပြောရဲရမယ်။ ရှင်းပြ နိုင်ရမယ်။ အသက်စွန့် သင့်တဲ့နေရာမှာ စွန့်ရဲရမယ်။ ပရိယာယ် သုံးသင့်တဲ့ နေရာမှာ သုံးရမယ်။ အချိန်အခါ လိုက်ပြီး လုပ်ရမယ်။ အများ ယောင်လို့ ယောင်ရတယ်။ အမောင် တောင်မှန်း မြောက်မှန်း မသိဆိုရင် ခေါင်းဆောင် မဟုတ်ဘူး''ဟူ၍ မိန့်ကြား ခဲ့သော စကားသည်လည်း မှတ်သားစရာ ဖြစ်သည်။
ဗိုလ်ချုပ် အောင်ဆန်း က လူတိုင်း လူတိုင်း ကြိုးစားအားထုတ် အလုပ်လုပ် ကြရန်အတွက် ၁၉၄၆ ခုနှစ် ဇန်နဝါရီ ၁၇ ရက်၌ ကျင်းပခဲ့သည့် ဖဆပလ ပြည်လုံးကျွတ် ညီလာခံ၌ ''လူဆိုတာ ဖန်တီးနိုင်တဲ့ သတ္တိရှိတယ်။ ခွန်အား ရှိတယ်။ ဘာပဲဖြစ်ဖြစ် ကမ္ဘာ လောကကြီးမှာ ဖြစ်နေတဲ့ သဘာဝ တရားတွေ၊ လူက နောက်ဆုံးမှာ လွှမ်းမိုးရမယ်။ တောင်ကြီး ပေမယ့်လို့ ဖဝါးအောက် ရောက်တယ်။ အဲဒီလိုပဲ ဘယ်လောက် ကျယ်ပြန့်တဲ့ သမုဒ္ဒရာ ကြီးတွေ တောင်မှ လူရဲ့ဉာဏ်နဲ့ ဖန်တီး လိုက်တဲ့ သင်္ဘောတွေ၊ ရေငုပ် သင်္ဘောတွေ၊ လေယာဉ်ပျံ တွေနဲ့ ကူးပြီး သွားလာ နိုင်အောင် လူတွေက ဖန်တီး လာခဲ့ကြတယ်။ ဘာသာတရားအရ ပြောမယ်ဆိုရင် လူကမှ ဘုရားဖြစ်နိုင်တယ်။ ဒီတော့ လူမှာဖန်တီးနိုင်တဲ့ အစွမ်းသတ္တိရှိတယ်''ဟူ၍မိန့်မှာသွားခဲ့သည်။
ဗိုလ်ချုပ် အောင်ဆန်း သည် ပင်ကိုယ် စိတ်ဓာတ်အားဖြင့် အခြေအနေ မှန်ကို သုံးသပ်တတ်သူ ဖြစ်ပြီး ခြောက်တိုင်းလည်း မကြောက် သကဲ့သို့ မြှောက်တိုင်းလည်း မမြောက် တတ်ပေ။ ပွင့်ပွင့် လင်းလင်းလည်း ပြောဆိုလေ့ ရှိသည်။ ၁၉၄၂ ခုနှစ် မေ ၁၉ ရက်၌ ကျင်းပခဲ့သော ထမင်းစားပွဲ တစ်ခုတွင် ဗိုလ်ချုပ် အောင်ဆန်း က ''မိမိသည် ထမင်း စားပွဲများ၊ ဧည့်ခံပွဲများ တက်ရောက်ရန် ဝါသနာ မပါခဲ့ကြောင်း၊ ယနေ့ မနေသာ၍ တက်ရောက် လာသော် လည်း ရှက်ကြောင်း၊ ထမင်းစားပွဲကြီး ကျင်းပ၍ ဧည့်ခံသူ များက တိုင်းပြည် ခေါင်းဆောင်ကြီး များဟာ တိုင်းပြည် အတွက် ဆောင်ရွက် အောင်မြင်ပြီး ပြန်လာကြတယ် ဆိုတဲ့ အထိမ်းအမှတ် နဲ့ ဧည့်ခံခြင်း ဖြစ်ကြောင်း၊ မိမိဘာမှ ခြားခြားနားနား မဆောင်ရွက်ခဲ့ ရသဖြင့် ထမင်းမစား လိုသေးကြောင်း၊ ဗိုလ်မှူးကြီး၊ အာဇာနည်ကြီး ဟု ချီးကျူးကြ သည်ကိုလည်း မခံလို သေးကြောင်း၊ မိမိသည် မည်သည့် ပါတီမျှ မလိုက် မိမိ ကြီးမှူးသော ဗမာ့ ကာကွယ်ရေး တပ်မတော် သည်လည်း ဘယ်ပါတီ နှင့်မျှမဆိုင် တစ်တိုင်းပြည် လုံးနှင့်သာ ဆိုင်ကြောင်း''ဟု ပွင့်ပွင့် လင်းလင်း ပြောဆိုခဲ့သည့် စကားမှာလည်း ကောင်းစေချင် သည့် အမှာစကား ဖြစ်ခဲ့သည်။
ဗိုလ်ချုပ် အောင်ဆန်း က ၁၉၄၇ ခုနှစ် ဧပြီ ၅ ရက်၌ အသံလွှင့် မိန့်ခွန်း ပြောကြားခဲ့ရာ ယင်း မိန့်ခွန်းတွင် ''လွတ်လပ်ရေး ရအောင် ကျွန်တော်တို့ ကြိုးပမ်း နေကြတာဟာ မြန်မာတွေ လွတ်လပ်ပြီ ဟေ့လို့ ပြောကောင်း ရုံလေး အတွက် ကြိုးပမ်းခဲ့ကြတာ မဟုတ်ပါဘူး။ ခပ်တိုတို ပြောရရင် မြန်မာတွေ လူတန်းစေ့စေ့ နေနိုင်အောင် လုပ်ပေးဖို့ လွတ်လပ်ရေး အတွက် ကြိုးပမ်း နေကြတာ။ အဲဒီတော့ မြန်မာတွေ လွတ်လပ်ပြီး တဲ့နောက် လူတန်းစေ့စေ့ နေနိုင်ဖို့ အလုပ်တွေ မလုပ်ရဘဲ ကဖျက်ယဖျက် သမားတွေနဲ့ နှောင့်ယှက်မှု တွေကို တုံ့ပြန်နေ ရတာနဲ့ အချိန်ကုန် နေကြ ရမယ်ဆိုရင် လွတ်လပ်ရေး ရတာဟာ အဓိပ္ပာယ် ရှိမှာ မဟုတ်ဘူး''ဟူ၍ ဗိုလ်ချုပ်၏ ကောင်းစေ ချင်သော အမှာစကား အဖြစ် ထည့်သွင်း ခဲ့သည်ကို တွေ့မြင်ရမည် ဖြစ်သည်။ ယင်း အမှာစကားမှာ မှန်ကန်လှသည်။ ယနေ့ မျက်မှောက် ကာလသည် မြန်မာနိုင်ငံ အနေနှင့် စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီ နိုင်ငံတော်သစ် ဆီသို့ ချီတက်လျက် ရှိရာ ယင်းအချိန်တွင် ပူးပေါင်း လုပ်ဆောင် နေကြရမည့် အစား ဝေဖန်မှု၊ တိုက်ခိုက်မှု၊ တစ်ဦးနှင့် တစ်ဦး ပြစ်တင်မှုများ ပြုလုပ် နေခြင်းဖြင့် စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီကို ဖော်ဆောင် နိုင်မည် မဟုတ်ပေ။
ထို့အပြင် ''လွတ်လပ်မှုနှင့် စည်းကမ်း''နှင့် စပ်လျဉ်း၍ ဗိုလ်ချုပ် အောင်ဆန်း ၏ ကောင်းစေချင်သော အမှာ စကားမှာ အလွန်ပင် တန်ဖိုးရှိ လှသည်။ ယင်း လွတ်လပ်မှုနှင့် စည်းကမ်းကို ဗိုလ်ချုပ် အောင်ဆန်း မကျဆုံးမီ ခြောက်ရက် အလို၌ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၃ ရက်တွင် ရန်ကုန်မြို့ မြို့တော် ခန်းမကြီး၌ ကျင်းပခဲ့သော ပြည်သူ့ အစည်းအဝေး ကြီး၌ ဗိုလ်ချုပ် အောင်ဆန်း က ''လွတ်လပ်ရေး ဆိုတာဟာ ကိုယ် တစ်ဦး တစ်ယောက် ကောင်းစားဖို့ ဖြစ်စေ၊ တစ်မျိုးသားလုံး ကောင်းစားဖို့ ဖြစ်စေ လုပ်တဲ့ နေရာမှာ အခြားတစ်ဦး တစ်ယောက်ရဲ့အကျိုးကို မထိခိုက်ဘဲနဲ့၊ အခြား လူတွေရဲ့ အကျိုးကို မထိခိုက် စေဘဲနဲ့ လွတ်လွတ်လပ်လပ် ကိုယ့် တိုးတက်မှု အတွက် လုပ်နိုင်တာဟာ လွတ်လပ်ရေး ပါပဲ။ အခြားနိုင်ငံရဲ့ လွတ်လပ်ရေးကို သွားနှောင့်ယှက် တဲ့ လွတ်လပ်ရေး ဟာ လွတ်လပ်ရေး မဟုတ်ဘူး။ ဒါဟာ ရမ်းကားမှုသာ ဖြစ်တယ်။ လွတ်လပ်ရေး ဆိုတဲ့ အဓိပ္ပာယ်ဟာ စည်းမဲ့ကမ်းမဲ့ သဘောမျိုး မဟုတ်ဘူး။ စည်းနဲ့ကမ်းနဲ့ သဘောမျိုးသာ ဖြစ်တယ်။ စည်းနဲ့ကမ်းနဲ့ ရှိမှသာလျှင် လွတ်လပ်ရေး ဆိုတာ ဖြစ်နိုင်တယ်။ ပဒေသာပင် ပေါက်အောင် ဆိုရင် ကျွန်တော်တို့ အလုပ်လုပ်မှ ဖြစ်မယ်ဆိုတာ ခင်ဗျားတို့ နားလည် စေချင်တယ်။ အဲဒီတော့ လွတ်လပ်ရေး ရပင်ရငြား သော်လည်း လွတ်လပ်ရေး ရဲ့တာဝန်တွေကို ကျွန်တော်တို့ မထမ်းဆောင် ချင်ဘူးဆိုရင် ခင်ဗျားတို့ ရတဲ့ လွတ်လပ်ရေး ဟာ ဒီကနေ့ ရပြီး နက်ဖြန်ခါ တခြားလက် ပြန်ပါသွား မှာပဲဆိုတာ ခင်ဗျားတို့ သိစေချင်တယ်''ဟူ၍ မိန့်မှာ သွားခဲ့သည်။
ထို့အတူ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်နေ့ ကျင်းပခဲ့သော ပင်လုံညီလာခံ ကြီး၌ ဗိုလ်ချုပ် အောင်ဆန်း မိန့်ကြားခဲ့သော မှာကြားချက်မှာ တန်ဖိုးရှိ လှသည်။ ယင်း ညီလာခံ ကြီးတွင် ဗိုလ်ချုပ် အောင်ဆန်းက ''တစ်တိုင်း ပြည်လုံး ကြီးပွားစေ ချင်ရင် လူအား၊ ငွေအား၊ ပစ္စည်းအားနဲ့ စုပေါင်းပြီး အင်တိုက် အားတိုက် လုပ်နိုင်မှ အကျိုးခံစားခွင့် ရှိကြမှာပဲ။ ဗမာက တစ်မျိုး၊ ကရင်က တစ်ဖုံ၊ ရှမ်း၊ ကချင်၊ ချင်းတို့က တခြား အကွဲကွဲ အပြားပြား လုပ်နေကြရင် အကျိုးရှိမှာ မဟုတ်။ စုပေါင်းလုပ်ကြမှ အကျိုးရှိနိုင်မယ်။ လုပ်ကြည့်မှလည်း အကျိုးရှိကြောင်း သိနိုင်မယ်။ ကျုပ်တို့ အဆင်းရဲ ခံရမယ်''ဟူ၍ မိန့်မှာခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်း ၏ ကောင်းစေချင်သော မိန့်မှာချက် များသည် အလွန်ပင် တန်ဖိုး ရှိသည်။ ဗိုလ်ချုပ် အောင်ဆန်း နှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီး များသည် မသမာသူ များ၏ လက်ချက်ဖြင့် အသက်စွန့်ခဲ့ရ သည်မှာ ယခုနှစ်တွင် (၆၈)နှစ်ပင် ရှိပြီဖြစ်သည်။ သို့သော် နှစ်စဉ် ဇူလိုင် ၁၉ ရက် ရောက်တိုင်း သတိရ ဂုဏ်ပြု အလေးပြု နေကြဆဲ ဖြစ်ပြီး နိုင်ငံသူ နိုင်ငံသား အားလုံးကလည်း အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင် ဆန်း ၏ မိန့်မှာချက် များကို ဆက်လက် အကောင်အထည် ဖော် ဆောင်ရွက် နေရမည်ဖြစ်ရာ ''ကောင်းစေ ချင်တဲ့မှာ စကား ဗိုလ်ချုပ် ချမှတ်သွား ''ဟူသော ကဗျာစာသား အတိုင်း အမြဲတမ်း လေးစား လိုက်နာရင်း စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီ နိုင်ငံတော်သစ် ဆီသို့ ချီတက် သွားရမည် ဖြစ်ပါကြောင်း ဂုဏ်ပြုရေးသား တင်ပြ အပ်ပါသည်။
#PyiChitThar